မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားစီမံကိန်း ၂၀ ရာခိုင်နှုန်းပြီးစီး

Business News

ရန်ကုန် နို၀င်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် နှင့် ဒလမြို့နယ်တို့သို့ ရန်ကုန်မြစ်ကို ဖြတ်သန်းကာ ဆက်သွယ်တည်ဆောက်နေ သည့် မြန်မာ – ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းကို အပိုင်း သုံးပိုင်းခွဲကာ တည်ဆောက်နေပြီး ယခုအခါတွင် လုပ်ငန်း အားလုံး၏ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ စီမံကိန်းရုံးမှ သိရသည်။

“အခုကတော့ ဒလတံတားစီမံကိန်းက အပိုင်းသုံးပိုင်းစလုံး ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ ပင်မတံတားအနေနဲ့ဆိုရင် နို၀င်ဘာလနောက်ဆုံးပတ်က ဘိုးပိုင် တစ်လုံးက အားလုံးပြီးစီး၍ ကွန်ကရစ်လောင်း တာတွေ လုပ်ကိုင်ပြီးဖြစ်ပါတယ်။ ပင်မ တံတားမှာ စုစုပေါင်း ဘိုးပိုင် ၄၆ လုံးရှိတဲ့ နေရာမှာ ၂၇ လုံးပြီးစီးလို့ ကွန်ကရစ်လောင်း ပြီးဖြစ်ပါတယ်။ ဒီတံတားကြီးကို ကိုရီးယား နိုင်ငံရဲ့ တည်ဆောက်ရေး Quality Control အတိုင်း အရည်အသွေးမီ၍ ခိုင်ခံ့ကောင်းမွန် သော တံတားကြီးတစ်စင်း ပေါ်ပေါက်လာဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာလည်း တည်ဆောက် ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ လုပ်သားတွေ Safety ကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဒီတံတားကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာ လမှာ အားလုံးပြီးစီးအောင် ဆောင်ရွက်သွားဖို့ မျှော်မှန်းပြီး လုပ်ဆောင်နေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်း ချိုက ပြောသည်။

ယခုအခါတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကြီးကို မြတ်နိုးသူဆောက်လုပ်ရေးက တာ၀န်ယူဆောင်ရွက်နေသည့် ပထမအပိုင်း ဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်းအနီး ဗိုလ်မင်းရောင်လမ်းပေါ် ဒလဘက်အခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A 1 အပိုင်း Abutment Bored Pile တူးဖော်ခြင်း၊ ဘိုးပိုင်တူးဖော်ခြင်း၊ ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်းလုပ်ငန်းများ ၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ပါ၀င်ပြီး ထိုအပိုင်းတွင် Pile တိုင် ၁၄ ခုတည်ဆောက်ခြင်းနှင့် လေးလမ်းသွား တံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်းတို့ ပါ၀င်ကြောင်း သိရသည်။ အလားတူ ရန်ကုန်ဘက်ကမ်းအပိုင်းကို ရွှေတောင်ဆောက်လုပ်ရေးက တာ၀န်ယူ တည်ဆောက်နေပြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ် ရန်ကုန်မြစ်ဘေး စီမံကိန်းနေရာတွင် Bored Pile တူးဖော်ခြင်း လုပ်ငန်းများ၊ ကွန်ကရစ်လောင်းခြင်း နှင့် သံမဏိသံခြင်းကြီးများချခြင်း လုပ်ငန်းများပါဝင်ကာ စက်ယန္တာရား ကြီးများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ထိုရန်ကုန်ဘက်ခြမ်းတံတား တည်ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီး လမ်းအတိုင်း နှစ်လမ်းသွားတံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သို့တစ်လမ်းမောင်း တံတားတစ်စင်း စုစုပေါင်းတံတားသုံးစင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တတိယအပိုင်း ပင်မတံတား၏ PY 1 နှင့် PY 2 အပိုင်း ရေလယ်ပိုင်း ခန်းဖွင့်တာဝါတိုင်ကြီးနှစ်တိုင်နှင့် ကေဘယ်လ်ကြိုးဆိုင်းတံတားကို နိုင်ငံ တကာအဆင့်မီ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော CCEC တရုတ်ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်ပြီး နည်းပညာအားလုံးသည် နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းအတိုင်း ကိုရီးယားနည်းပညာကိုအသုံးပြုကာ ကေဘယ်လ်ကြိုး တံတားဒီဇိုင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရ သည်။စုစုပေါင်းတံတားအရှည် ၆၁၄၄ ပေရှိထိုတံတားကြီး၏ ရေလယ်အပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့်အကျယ်ရှိကြောင်း သိရသည်။

တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်းချဉ်းကပ်တံတား အရှည်သည် ၆၀၁ မီတာရှိကာ ရေလယ်အပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉၀ ရှိသည်။ စုစုပေါင်းတံတားအရှည်သည် ၆၁၄၄ ပေရှိသည်။ ရေလမ်း ကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (ပေ ၁၆၀) ရှိသည်။ တံတားတွင်တစ်ဖက်လျှင် လေးမီတာ ကျယ်ဝန်းသည့် လူသွားလမ်းပလက်ဖောင်းအသွား/အပြန် ပါရှိ သည်။ လေးလမ်းသွား တံတားဖြစ်ကြောင်း သိရသည်။ထိုတံတားစီမံကိန်းသည် မူလတွင် အမေရိကန်ဒေါ်လာ သန်း ၁၃၇ ဒသမ ၈၃၃ သန်းဖြစ်ပြီး လက်ရှိတွင် ပင်မတိုင်ကြီးများနောက်ဆုတ်ကာ ၂၅၁ မီတာ အကျယ်မှ ၃၀၁ မီတာအထိ တိုးချဲ့ဆောင်ရွက်ရသည့်အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထပ်မံကုန်ကျကာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း အကုန်ကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ထိုငွေကို ကိုရီးယား နိုင်ငံ EDCS ချေးငွေ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ရယူ၍ နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ Main ကန်ထရိုက်တာသည် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ အဓိက တာ၀န်ယူတည်ဆောက် ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

မြင့်မောင်ကျော်

Credit to The Mirror Daily

1 thought on “မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားစီမံကိန်း ၂၀ ရာခိုင်နှုန်းပြီးစီး

Leave a Reply

Your email address will not be published. Required fields are marked *